မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိသည့် ကုလားပဲခွေကြော် (သို့) စာကလေးခွေကြော်လုပ်ငန်းသည် မြန်မာရိုးရာ အစားအစာအဖြစ် တောရောမြို့ပါ နှစ်ခြိုက်စွာ စားသုံးနေခြင်းကြောင့် အိမ်တွင်းစီးပွားရေးလုပ်ငန်းငယ်များအဖြစ် တွင်ကျယ်စွာ လုပ်ကိုင်နေကြကြောင်း သိရပါသည်။
ပြည်တွင်းကုန်ကြမ်းများဖြစ်သည့် ကုလားပဲနှင့် ပြောင်းဖူးစေ့ကို အမှုန့်ကြိတ်၍ ရရှိသည့် အမှုန့်များမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကုလားပဲမှုန့်၊ ပြောင်းကော်မှုန့်၊ စားသုံးဆီသန့်များကို အဓိကထားအသုံးပြုပြီးထုတ်လုပ်ထားခြင်းကြောင့် မြန်မာအစားအစာများထဲတွင် လူကြိုက်များသည့် အစားအစာလည်းဖြစ်သည်။ ဒေသထွက်ကုန် များအားအသုံးပြုခြင်းကြောင့် ပြည်တွင်းကုန်ကြမ်းပစ္စည်းများ ဈေးကွက်ရရှိလာနိုင်ပြီး အလုပ် အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးနိုင်မည်ဖြစ်သည်။
ကုလားပဲခွေကို မုန့်ပဲသရေစာ အဖြစ်လည်းကောင်း၊ ကုလားပဲခွေသုပ်၍ ဟင်းအဖြစ် စားသုံးရန်အတွက်လည်းကောင်း၊ လက်ဆောင်ပစ္စည်းအဖြစ်ပေးရန်အတွက် ဝယ်ယူမှုရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် လက်ကားဈေး ၄ခုပါ တစ်ထုပ်လျင် ၅၀၀ ကျပ်၊ ၄ခုပါထုပ် ၅ထုပ်တစ်တွဲလျှင် ၂၂၀၀ ကျပ်မှ ၂၃၀၀ ကျပ်ဖြင့်ရောင်းချပြီ၊ လက်လီဈေးကွက်တွင် ၄ခုပါထုပ် ၅ထုပ်တစ်တွဲလျှင် ၃၀၀၀ ကျပ် မှ ၃၅၀၀ ကျပ်ဈေးဖြင့်ရောင်းချကြောင်း၊ အိမ်ဆိုင်၊ ကျောင်းဈေး များတွင်ဆိုင်တင်ရောင်းချပြီး၊ ဒေသဆိုင်ရာပွဲတော်များ၊ ဘုရားပွဲများနှင့် ကားဂိတ်များတွင် လက်ပွေ့စနစ်ဖြင့်ရောင်းချခြင်း၊ မန္တလေးမြို့နှင့် အခြားအနီးအနားဒေသများကိုပါ ဖြန့်ဖြူး ရောင်းချနေကြောင်းသိရသည်။
ကုလားပဲခွေ အိမ်တွင်းစီးပွားရေးလုပ်ငန်းငယ်လေးများအား ဈေးကွက်ချဲ့ထွင်နိုင်ရေး အတွက် သယ်ယူပို့ဆောင်ရန်လွယ်ကူစေသည့် ထုပ်ပိုးမှုနည်းပညာများ၊ ဈေးကွက်မြှင့်တင်နိုင် မည့်အကြံပြုခြင်းများ ဆောင်ရွက်ပေးနိုင်ပါက အိမ်တွင်းစီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုး တိုးတက်လာပြီး ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။